top of page
Search

စိတ်ကစဥ့်ကလျားဖြစ်ခြင်း (Schizophrenia) လက္ခဏာများ.....

  • Writer: Honest Hour
    Honest Hour
  • Apr 13
  • 1 min read


စိတ်ပိုင်းဆိုင်ရာ Disorder တွေထဲကတစ်ခုဖြစ်တဲ့ Schizophrenia ကတော့ Major mental illness တစ်မျိုးပဲဖြစ်ပါတယ်။ အရင်ဆုံးအထင်မှားတတ်ကြတာက Schizophrenia ဖြစ်နေသူတွေမှာ Personality တစ်မျိုးထက်ပိုရှိနေကြတယ်ဆိုတာပါပဲ။ လူတစ်ယောက်တည်း ဒါပေမယ့်သူက ပုံစံအမျိုးမျိုးပြောင်းလဲကွဲထွက်နေတယ်ပေါ့။

တကယ်တော့ Schizophrenia ဖြစ်နေသူတွေမှာ Personality တစ်မျိုးတည်းသာရှိကြပါတယ်။ ထပ်ပြီးအထင်မှားကြတာက ပုံမှန်မဟုတ်လောက်အောင်ကို အထိန်းအကွပ်မဲ့နေတယ်၊ တစ်နည်းအားဖြင့်အရူးတစ်ယောက်လိုဖြစ်နေတယ်ဆိုတာပါပဲ။ Schizophrenia ကြောင့် သာမာန်လူတစ်ယောက်နဲ့မတူတဲ့ အတွေးတွေ၊ အပြုအမူတွေရှိနေနိုင်ပေမယ့် သူတို့ကိုလည်းပုံမှန်နေ့စဉ်ဘဝထဲမှာ သာမာန်လူတွေလိုတွေ့မြင်နိုင်ပါတယ်။

ဆိုတော့ Schizophrenia ဆိုတာဘယ်လိုမျိုးလဲ?

ကိုယ်လိုရာဆွဲယူထားတဲ့အတွေးတွေ၊ လက်ခံထားတဲ့အယူအဆတွေ၊ လူ့အဖွဲ့အစည်းနဲ့သွေဖယ်တဲ့ အပြုအမူတွေနဲ့ ကစဉ့်ကလျားဖြစ်စေတဲ့ Mental illness တစ်မျိုးဖြစ်ပါတယ်။ ဥပမာ- ဘာမှမရှိနေပေမယ့် အသံတွေကြားနေရတာမျိုး၊ တစ်ယောက်ယောက်ကတစ်ခုခုကိုလုပ်ခိုင်းနေသလိုခံစားရတာမျိုး၊ လူကနိုးနေပေမယ့် အိပ်မက်တစ်ခုလိုလှုပ်ရှားနေမိတာမျိုး။

ဘယ်လိုလူတွေမှာဖြစ်တတ်လဲဆိုရင်တော့ မျိုးရိုးဗီဇ (Genes) ရှိတာတွေ၊ ဦးနှောက်လုပ်ဆောင်ချက် (brain functioning) တွေနဲ့၊ ဘဝရဲ့ဖိအားအမျိုးမျိုး (life stress) တွေကြောင့် Schizophrenia ကိုခံစားရနိုင်ပါတယ်။

သူ့ရဲ့လက္ခဏာ (symptoms) တွေက တစ်ယောက်နဲ့တစ်ယောက်မတူကြပေမယ့် များသောအားဖြင့် တွေ့ရတတ်တာတွေက-

Delusions- တစ်ယောက်ယောက်ကအန္တရာယ်ပေးတော့မယ်လို့ ယုံကြည်ခံစားနေရတာမျိုး၊ တခြားလူတစ်ယောက်ကကိုယ့်ကို ထိန်းချုပ်ထားတယ်လို့ ယုံကြည်နေတာမျိုး၊

Hallucinations- သူများတွေမမြင်ရမကြားရတာတွေကို ကြားနေမြင်နေခံစားနေရတာမျိုး၊

Unusual speech & behaviors- ပုံမှန်မဟုတ်တဲ့စကားတွေ၊ အပြုအမူတွေလုပ်နေတာမျိုး၊

Depression, Lack of energy- စိတ်ဓာတ်ကျတယ်၊ လူတွေနဲ့ဖယ်ခွါနေမိတယ်၊ အရာရာကြိုးစားချင်စိတ်တွေကုန်ဆုံးနေတာမျိုး၊

Thinking problems- အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်တွေနဲ့၊ planning skills တွေမှာ ထိခိုက်လာတာမျိုး စတာတွေကိုတွေ့နိုင်ပါတယ်။

ဒါ့အပြင် Schizophrenia ကို x-rays နဲ့စစ်လို့မရသလို၊ ဆီးစစ်သွေးစစ်ခြင်းအားဖြင့်လည်း မြင်ရနိုင်မှာမဟုတ်ပါဘူး။ လုပ်ခဲ့တဲ့အပြုအမူတွေ၊ ခံစားခဲ့ရတာတွေကို ပြောရင်းကမှ ဆရာဝန်တွေ၊ ပညာရှင်တွေက Diagnosis လုပ်နိုင်မှာပါ။

လူအယောက်တစ်ရာမှာ တစ်ယောက်က Schizophrenia ကိုခံစားနေရပြီး၊ Recover ဖြစ်ပြီး ပြန်ကောင်းသွားသူတွေရော၊ မှန်ကန်တဲ့ Treatment ကိုခံယူနေဆဲလူတွေလည်း ကမ္ဘာတစ်ဝှမ်းမှာရှိနေကြပါတယ်။

 ဆေးပညာအပြင်၊ counseling၊ family and social support စတာတွေနဲ့ပါ လိုအပ်သလို Treatment ယူနိုင်တာမို့ Schizophrenia ခံစားနေရရင်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့ရရင်ဖြစ်စေ သက်ဆိုင်ရာ Psychiatrist တွေ၊ Counselors တွေ၊ Counseling psychologists တွေနဲ့ ဆွေးနွေးကုသဖို့ အကောင်းဆုံးအကြံပြုလိုက်ပါတယ်ရှင်။

 
 
 

Comments


bottom of page