top of page
Search

ဆယ်ကျော်သက်နှင့် မျိုးဆက်ပွားကျန်းမာရေး.....

  • Writer: Honest Hour
    Honest Hour
  • Apr 20
  • 1 min read


✅ ဆယ်ကျော်သက်အရွယ်ဆိုတာ ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတဲ့အရွယ်၊ အသက်အပိုင်းအခြားအားဖြင့် အသက် ၁၀ နှစ်ကနေ ၁၉ နှစ်ကာလတွေကို ဆယ်ကျော်သက်အရွယ်လို့ သတ်မှတ်ပါတယ်။ ကလေးတွေဟာ အရာရာကို မိဘတွေရဲ့ လုပ်ကိုင်ဆုံးဖြတ်ပေးမှုကနေ အရာရာကို ကိုယ့်အားကိုယ်ကိုး သင်ယူလုပ်ကိုင်နိုင်ဖို့အတွက် စတင်သင်ယူရတဲ့ အရွယ်လည်း ဖြစ်ပါတယ်။

✅ ဆယ်ကျော်သက်အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းလဲမှုတွေ ဖြစ်လာသလို စိတ်ပိုင်းဆိုင်ရာအရလည်း ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ်ကို ရောက်လာတာနဲ့ ပထမဆုံး ကြုံတွေ့ရင်ဆိုင်ရမဲ့ အရာက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပါ။

✅ မိန်းကလေးတွေမှာဆိုရင် အပျိုဖော်ဝင်တယ်လို့ ခေါ်ပြီး အပျိုဖော်ဝင်လာတာနဲ့အမျှ အသက် ၁၂နဲ့ ၁၈ကြားမှာ ရင်သား ဖွံ့ဖြိုးလာမယ်၊ အသက် ၁၀နှစ်ဝန်းကျင်လောက်မှာ ဆီးခုံမွှေး စတင်ထွက်ရှိလာပြီးတော့ နှစ်နှစ်လောက်အကြာမှာ ရာသီသွေးစတင်ပေါ်လေ့ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ ရာသီသွေးပေါ်တဲ့ အသက်မတူညီပေမဲ့ အများစုကတော့ အစောဆုံး အသက်၉နှစ်နဲ့ နောက်အကျဆုံး အသက် ၁၆နှစ်မှာ ရာသီသွေးပေါ်ကြပါတယ်။

✅ ယောက်ျားလေးတွေမှာဆိုရင်လည်း အသက် ၉ နှစ်လောက်က စပြီး ယောက်ျား လိင်အင်္ဂါက သိသိသာသာ စတင်ဖွံဖြိုးလာပြီး အသက် ၁၇နဲ့ ၁၈ကြားမှာတော့ အရွယ်ရောက်ပြီးသား ယောက်ျားလိင်အင်္ဂါရဲ့ ရှိသင့်တဲ့ အရွယ်အစားတိုင်း ဖွံဖြိုးလာကြပါတယ်။ ဒါ့အပြင် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး၊ ချိုင်းမွှေး၊ ဆီးခုံမွှေး၊ ခြေသလုံးမွှေးတွေ စတင်ပေါက်လာပြီး အသံပြောင်းလာတာ၊ အသံဩလာတာမျိုးတွေ စတင်ဖြစ်လာပါတယ်။ ယောက်ျားလေးတွေမှာတော့ မိန်းကလေးတွေလို ရာသီသွေးပေါ်တာမျိုး မရှိပေမဲ့ အသက် ၁၄လောက်မှာပဲ လိင်စိတ်စတင်ဖြစ်ပေါ်ပြီး wet dreamsရကာ လူပျိုဖော်စတင်ဝင်ပါတယ်။

➡️ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

ဆယ်ကျော်သက်ဆိုတဲ့အတိုင်း အသစ်သစ်သော အရာတွေကို စိတ်ဝင်စားလာတယ်။ အတုမြင် အတတ်သင်ချင်လာတယ်။ လွတ်လွတ်လပ်လပ် နေချင်လာတယ်။ အလှအပစိတ်ဝင်စားလာတယ်။ စိတ်လက်မာန်ပါ လုပ်ချင်လာတယ်။ လိင်မှုကိစ္စတွေကို စူးစမ်းချင်လာတယ်။ လက်တည့်စမ်းကြည့်ချင်လာကြပါတယ်။ Internetကနေတစ်ဆင့် လိင်မှုကိစ္စတွေကို ရှာဖွေကြည့်တတ်လာတယ်။ တစ်ကိုယ်ရည်အာသာဖြေခြင်းကိုလည်း ဆယ်ကျော်သက်အရွယ်မှာ စတင်လုပ်တတ်လာကြပါတယ်။

‼️ ဒါတွေကတော့ ဆယ်ကျော်သက်အရွယ်မှာ စတင်ပြောင်းလဲလာတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရဲ့ ပြောင်းလဲမှုတွေကို မိဘတွေအနေနဲ့ရော ဆယ်ကျော်သက်တွေကိုယ်တိုင်ကပါ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျန်းမာပျော်ရွှင်တဲ့ လူငယ်ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 
 
 

Comentários


bottom of page