top of page
Search

Anxiety ကို ဝေးလေကောင်းလေဆိုတဲ့ နည်းနဲ့ ဖြေရှင်းဖြစ်နေလား?

  • Writer: Honest Hour
    Honest Hour
  • Jun 20
  • 2 min read

လူတော်တော်များများက ပျော်စရာ ကိစ္စတွေကြုံရရင် တခြားသူတွေကို ဝေမျှချင်ပေမဲ့ စိုးရိမ်ပူပင်မှုတွေ ခံစားရချိန်တွေမှာဆိုရင် တိတ်တိတ်လေး နေတတ်ကြပါတယ်။ နောက်ပြီး ကိုယ့်စိတ်အမြန်အေးအောင် ဆိုပြီး တခြားသူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နေတတ်ကြ ပြန်သေးတယ်။ ကိုယ့်အပူရုပ်ကို မြင်ရင် သိမှာစိုးလို့ မိဘတွေနဲ့ မတွေ့အောင် အိမ်မပြန်ဘဲ လျှောက်သွားတာမျိုး၊ အိမ်ထောင်ဖက်ကို ရှောင်ချင်လို့ အလုပ်ကို ညနက်တဲ့အထိ လုပ်တာမျိုးနဲ့ သူငယ်ချင်းတွေကို ဖွင့်မပြောဘဲ မျိုသိပ်တာမျိုးတွေ လုပ်တတ်ကြပါ တယ်။ ကိုယ့်စိတ်ထဲက ဖိစီးနှိပ်စက်မှုတွေကြောင့် ချစ်ရတဲ့သူတွေနဲ့ အဆက်အသွယ် မလုပ်မိတဲ့အခါမှာ ပူပင်သောကတွေကို အနည်ထိုင်စေပေမဲ့ ပေးဆပ်ရတဲ့ တန်ရာတန်ကြေးတွေတော့ ရှိပါတယ်။ အဲ့ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်အောင်လုပ်ဖို့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ချက်ချင်း တည်ငြိမ်အောင် လုပ်ဖို့အတွက် တိတ်တဆိတ်နေလိုက်တာနဲ့ တပြိုင်နက်ထဲမှာ တခြားသူတွေနဲ့ ဘယ်လို ပြောဆိုဆက်ဆံမလဲဆိုတဲ့ အတွေးတွေကို ကျောခိုင်းပြီးသား ဖြစ်သွားလို့ပါပဲ။

ကိုယ့်ရဲ့ စိတ်ပူပင်သောကတွေ အနည်ထိုင်စေဖို့ တခြားသူတွေနဲ့ ဘယ်လို အဆက်အသွယ်ဖြတ်ပြီး နေဖူးလဲ? အခုပြောပြပေးမဲ့ ဥပမာထဲမှာ ဒါတော့ ငါ့အတိုင်းပဲဆိုပြီး မြင်မိတဲ့ အချက်တွေ ရှိမလားဆိုတာ တိုက်စစ်ကြည့်ပေးပါအုံး။


🌀မိသားစုဝင်တွေကို စိတ်ထဲက ရှောင်ချင်တာကြောင့် အလုပ်ကိုချည်းပဲ ဖိလုပ်နေတာ၊ တစ်ချိန်လုံး အလုပ်များ နေတာ။

🌀ကိုယ့်ကို နှစ်သိမ့်ပေးတာကို မခံချင်လို့ အရက်နဲ့ မူးယစ်ဆေး သုံးစွဲတာ။

🌀မိသားစုဝင်တွေနဲ့ ဝေးရာကို ထွက်သွားတာ။

🌀အားကစားနဲ့ ရာသီဥတုလိုအကြောင်းမျိုးပဲပြောပြီး ကိုယ့်အကြောင်း သူ့အကြောင်း တစ်ခွန်းတောင် မဟတာ။

🌀တွေ့ဖို့ ချိန်းထားတာကို အနားကပ်မှ တေ့ဖြုတ်ပြီး cancel လုပ်တာ။

🌀ဖုန်းဆက်ပြီး စကားပြောသင့်ပေမဲ့ စာပို့ပြီးပဲပြောတာ။

🌀အရေးကြီးတဲ့ voice message နဲ့ ဖုန်းခေါ်ဆိုမှုတွေကို နားမထောင်တာ။

🌀ကိုယ့်အိမ်ထောင်ဖက်နဲ့ စကားပြောတဲ့ အချိန်မှာ ကိုယ့်စိတ်ထဲက အကြောင်းတွေ မပြောပြဘဲ ကလေး အကြောင်းပဲ အသားပေးပြောတာ။

🌀မိသားစုဝင်တွေနဲ့ ဝတ်ကျေတန်းကျေ သဘောမျိုးပဲ ပြောဆိုဆက်ဆံတာ။

🌀ကိုယ့်အကြောင်း သူများမမေးနိုင် အောင် ကိုယ်ကချည်းပဲ မေးခွန်းတွေ လှိမ့်မေးတာ။

🌀အကြောင်းပြချက်မပေးဘဲ ရုတ်တရက် အဆက်အသွယ်ဖြတ်တာ။

🌀ကိုယ့်ရဲ့ အဆင်မပြေမှုတွေကို I'm fine, I'm ok စတဲ့ စကားလုံးတွေ အောက်မှာ ဖုံးကွယ်ထားတာ။

🌀ကိုယ်နဲ့ စကားပြောနေတုန်း လူတွေရဲ့ စိုးရိမ်စိတ်တွေကို ခံစားရပြီဆိုတာနဲ့ စကားလမ်းကြောင်း လွှဲပစ်လိုက်တာ။

🌀စိတ်ခံစားချက် ပြင်းထန်တယ်လို့ ခံစားရတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆက်အဆံမလုပ်တာ။

🌀ကိုယ်နဲ့ type မတူဘူး၊ ကီးမကိုက်ဘူး လို့ ထင်ရတဲ့သူတွေကို စကားစ မပြောတာ။

🌀နေမကောင်းတဲ့သူတွေနဲ့ ဘဝရဲ့ နောက်ဆုံးအချိန်ကို ဖြတ်သန်းနေရတဲ့သူတွေကို ဝေးဝေးကရှောင်တာ။

🌀ကိုယ့်ရဲ့ စိုးရိမ်သောကတွေကို မြင့်တက်စေမဲ့ အတိတ်အကြောင်း လုံးဝမပြောတာ။

🌀ကိုယ်ကုသမှု ခံယူနေတဲ့ therapy ပြီးခါနီး ၂မိနစ်အလိုမှ ကိုယ့်အတွက် ပြောဖို့ ခက်ခဲတဲ့ အကြောင်းတွေကို ထုတ်ပြောတာ။

🌀ကိုယ့်အတွက် အရေးကြီးပေမဲ့ ပြောဖို့ခက်ခဲတဲ့ အကြောင်းတွေပြောရရင် သဟဇာတ မဖြစ်တာ။

🌀မိသားစုတွေဆုံရင် စကားအများကြီး မပြောချင်လို့ TV ဖွင့်ပြီး ကြည့်နေတာ။

🌀မိတ်ဆုံစားပွဲ သွားရရင်လည်း ကိုယ့်အတွက် ထွက်ပေါက်ကြိုပြင်ထားတာ။

🌀ကိုယ့်ကို အာရုံမစိုက်မိအောင် သူများတွေကို အလုပ်ရှုပ်စေမဲ့ activity တွေ စီစဥ်ထားတာ။

🌀ကိုယ်စိတ်အားထက်သန်တဲ့ အကြောင်းအရာတွေကို လူတွေက နားထောင်ဖို့ စိတ်မဝင်စားဘူးလို့ ကြိုတွေးတာ။

🌀တခြားသူတွေ စိတ်သက်သာရာ ရအောင် ကိုယ့်ရဲ့ အောင်မြင်မှုတွေကို လျှော့ချတာတွေပဲ ဖြစ်ပါတယ်။


ဒီလို အားလုံးနဲ့ ဝေးရာမှာနေဖို့ ကြိုးစားတာက အမြဲ မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ ပြောဖို့ မသက်မသာဖြစ်နေတယ်ဆိုရင် စကားလမ်းကြောင်း လွှဲတာမျိုးကိုက အဆင်ပြေစေနိုင်ပါတယ်။ ဒါပေမဲ့ တချိန်လုံး ရှောင်ပုန်းပြီး အပေါ်က ပြောထားတဲ့အချက် တော်တော်များများ လုပ်မိနေတယ်ဆိုရင်တော့ "ဒါက ငါတတ်နိုင်တဲ့ အကောင်းဆုံး ဖြေရှင်းနည်းပဲလား" ဆိုတာကို ပြန်စဥ်းစားသင့်ပါတယ်။ စိုးရိမ်သောကတွေကို ဒီလို အဆက်အသွယ်ဖြတ်ပြီး ဝေးဝေးနေတဲ့ နည်းလမ်းကို မသုံးဘဲလည်း ဖြေရှင်းလို့ ရပါတယ်။ ဒါပေမဲ့ အဲ့ဒီနည်းလမ်းက ချက်ချင်း လက်ငင်းကြီး ကိုယ်ခံစားနေရတာကို ပျောက်စေမှာ မဟုတ်တဲ့အပြင် စိတ်ကသိကအောက် ဖြစ်စေနိုင်ပါသေးတယ်။ ဒါပေမဲ့ ရေရှည်အတွက်တော့ အရမ်းကောင်းတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာ၊ ကိုယ့်အတွက် ဖွင့်ဟဖို့ ခက်ခဲတဲ့ အကြောင်းတွေကို ဖွင့်ပြောပြဖို့ ကြိုးစားတာတွေပဲ ဖြစ်ပါတယ်။ သူတို့ကို ကိုယ်အဆင်မပြေတဲ့ အကြောင်း နဲ့ အခုရက်ပိုင်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖွင့်ပြောပြပါ။ နောက်ပြီး သူတို့နဲ့ အတူ ကိုယ်က ဘယ်လို လူမျိုးဖြစ်အောင် ကြိုးစားနေတာလဲ? ကိုယ့်အတွက် စိန်ခေါ်မှုနဲ့အတူ ရနိုင်တဲ့ အခွင့်အလမ်းတွေက ဘာလဲဆိုတာကို ရှာဖွေကြည့်လို့ ရပါတယ်။

စိုးရိမ်ပူပန်စိတ်တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်လုပ်မလား?

ကိုယ်က ပြန်ဦးဆောင်မလား ဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပါပဲ။

ခုလက်ရှိမှာ ကိုယ်က စိုးရိမ်သောကတွေကို မောင်းနှင်နိုင်သူလား?

ဒါမှမဟုတ် လက်အောက်ငယ်သားလား?

Anxiety ကို ဝေးလေကောင်းလေဆိုတဲ့ နည်းနဲ့ ဖြေရှင်းဖြစ်နေလား?
Anxiety ကို ဝေးလေကောင်းလေဆိုတဲ့ နည်းနဲ့ ဖြေရှင်းဖြစ်နေလား?

 
 
 

Comments


bottom of page