Four Types Of Intimacy
- Honest Hour
- Sep 8, 2024
- 1 min read

🌿ရင်းနှီးတွယ်တာမှုလို့ခေါ်တဲ့ Intimacy ရဲ့နောက်မှာ ခံစားချက်တွေနဲ့၊ ယုံကြည်မှုတွေလည်းပါဝင်နေပါတယ်…♾️
လူတစ်ယောက်ကို ရင်းနှီးတွယ်တာတယ်ဆိုတာ တော်ရုံယုံကြည်မှုမျိုးနဲ့မှ မရတာလေနော်။ လူတိုင်းမှာ အခြေခံအကြောက်တရားကိုယ်စီရှိကြပါတယ်။ ဥပမာ သစ္စာဖောက်ခံရမှာကြောက်တာမျိုး၊ ထားခဲ့ခံရမှာကြောက်တာမျိုး၊ ခံစားချက်တွေသုံးစွဲခံရမှာ ကြောက်တာမျိုး စသဖြင့်ပေါ့။
ဒီလိုပဲ ကိုယ့်ရဲ့ရင်တွင်းစကားတွေ၊ ခံစားချက်တွေ၊ အတွေးအမြင်တွေကို ယုံကြည်စွာနဲ့ရင်ဖွင့်နိုင်တဲ့သူက Intimate bond တစ်ခုတည်ဆောက်နိုင်တဲ့သူပါပဲ။ သေချာပေါက် သူကကိုယ့်စကားကို သတင်းမလုပ်ဘူး၊ ပြန်မသုံးစွဲဘူး၊ အခွင့်အရေးမယူသလို၊ Judge လည်းလုပ်မှာမဟုတ်ပါဘူး။
ဆိုတော့ Intimacy ရှိတဲ့သူက ချစ်သူလည်းဖြစ်နိုင်သလို၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ အချိန်ခဏလေးအတွင်း ရင်းနှီးရတဲ့သူနဲ့လည်း Intimate bond တည်ဆောက်နိုင်ပါသေးတယ်။
ယေဘုယျအားဖြင့်တော့ Intimacy ကို (၄) မျိုးခွဲထားပါတယ်။
🍀Physical intimacy- လက်ကိုင်တာ၊ ပွေ့ဖက်တာ၊ နမ်းတာကအစ Sex အထိ အမျိုးမျိုးရှိပါတယ်။ ဒီ Intimacy မှာ Physical touch တွေက စိတ်လုံခြုံမှုတစ်ခုကိုခံစားရစေပြီး၊ အထီးကျန်တာ၊ ဝမ်းနည်းတာ စတဲ့ခံစားချက်တွေကိုလည်း သက်သာရာရစေပါတယ်။
ဖေဖေမေမေရဲ့ ညအိပ်ရာဝင် Forehead kiss မျိုး၊ စိတ်အားငယ်တဲ့အခါ ဖက်ထားပေးတတ်တဲ့ သူငယ်ချင်းမျိုး၊ လျှောက်လည်တဲ့အခါ လက်လေးကိုင်ထားတတ်တဲ့ ချစ်သူမျိုး…ဒီလိုစိတ်လိုလက်ရလက်ခံထားနိုင်တဲ့ ရင်းနှီးမှုတွေက Physical intimacy တွေပါပဲ။
🍀Emotional intimacy- ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းခံစားရသမျှကို ပွင့်လင်းစွာနဲ့ရင်ဖွင့်ပြောပြနိုင်တဲ့ ရင်းနှီးမှုမျိုးပါ။ ဒီမှာအရေးကြီးတာက ကိုယ်ရဲ့ ခံစားချက်တွေကို ပြစ်တင်ဝေဖန်တာ၊ Judge လုပ်တာမျိုးရှိမနေမှ Emotional intimacy ရှိနိုင်မှာဖြစ်ပါတယ်။
ဥပမာ- ကျောင်းမှာဖြစ်လာသမျှကို အိမ်ရောက်တော့ အမေ့ကိုပြောပြတယ်၊ အမေကဒီအရာတွေပေါ်မှာ ဇွတ်ဆူနေတယ်ဆိုရင် နောက်တစ်ခါဒီလိုကိစ္စရှိလာရင် ထုတ်ပြောရဲတော့မှာမဟုတ်ပါဘူး။ အမေ့အပေါ်မှာ Emotional intimacy အားနည်းသွားတာမျိုးပေါ့။
🍀Intellectual intimacy- ကိုယ့်ရဲ့အတွေးအမြင်တွေ၊ သဘောထားတွေ၊ ဘဝခံယူချက် စတာတွေကို အရှိအတိုင်းမျှဝေဆွေးနွေးနိုင်တဲ့ ရင်းနှီးမှုမျိုးဖြစ်ပါတယ်။ ဒါကအရွယ်တစ်ခုရောက်လာတဲ့နောက်ပိုင်းမှာ အတော်များများလိုအပ်လာကြတဲ့ ရင်းနှီးမှုဆိုရင်လည်းမမှားပါဘူး။
လမ်းချင်းတူတဲ့သူ၊ ရင်ဘတ်ချင်းတူတဲ့သူလို့ ပြောတတ်ကြသလို၊ ငါမှန်တယ် သူမှားတယ်ငြင်းခုန်မနေကြတဲ့ Mutual respect ရှိကြတဲ့ ဆက်ဆံရေးမျိုးတွေကိုဆိုလိုတာပါ။
🍀Spiritual intimacy- ကိုးကွယ်တဲ့ဘာသာတူမှ ရင်းနှီးရတာမျိုးမဟုတ်ဘဲ၊ ယုံကြည်မှု၊ Divine energy နဲ့ ရည်ရွယ်ချက်တွေကို အတူမျှဝေနိုင်တဲ့ ရင်းနှီးမှုမျိုးပါ။ လူအမျိုးမျိုးပေါ်မူတည်ပြီး Spiritual intimacy လည်းအမျိုးမျိုးကွဲပြားနိုင်ပါတယ်။
💟ဒါကြောင့်လူတစ်ယောက်က တခြားသူတွေနဲ့ Friendship, Relationship တည်ဆောက်တဲ့အခါ Intimacy ကနေရာတစ်ခုကနေ အရေးပါသလို Mental Health မှာလည်း များစွာအထောက်အကူပေးပါတယ်။
💟စိတ်ချလက်ချရင်ဖွင့်နိုင်မယ့် ရင်းနှီးမှုမျိုး၊ အခက်အခဲတွေရင်ဆိုင်ရတိုင်း Support ဖြစ်ပေးနေမယ့်ရပ်ဝန်းမျိုးကလည်း သေချာပေါက်လိုအပ်တာမလား…
🔺ဒါပေမယ့် ကိုယ်ကလူတွေနဲ့ပတ်သတ်ရမှာကို အရမ်းစိုးရိမ်ထိတ်လန့်နေတာ၊ ယုံကြည်ဖို့ခက်ခဲလွန်းပြီး သံသယအတွေးတွေများလွန်းနေတာ၊ ဘေးကလူတွေကိုအဝေးတွန်းပို့တတ်ပြီး တစ်ယောက်တည်း isolate လုပ်နေတတ်တာ… ဒီလိုမျိုးတွေရင်ဆိုင်နေရရင်တော့ Professional help ရယူပြီး အရင်းမြစ်ကိုရှာဖွေဖြေရှင်းနိုင်ပါတယ်။
အားလုံးပဲ စိတ်လုံခြုံစွာနဲ့ ရင်းနှီးမှု Intimate bond ကိုတည်ဆောက်နိုင်ပြီး ချစ်ခြင်းမေတ္တာတွေမျှဝေနိုင်ကြစေကြောင်း ဆန္ဒပြုလိုက်ပါတယ်ရှင်♥️
Comments