top of page
Search

တခြားသူတွေ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း လူကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကို ဘယ်လိုပျောက်ဆုံးသွားလဲ?

  • Writer: Honest Hour
    Honest Hour
  • 15 hours ago
  • 1 min read

ပြီးပြည့်စုံခြင်းမှာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ရှိနေတတ်ပါတယ်။ “ လူကောင်းတစ်ယောက်” ဖြစ်ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပျောက်ဆုံးသွားလဲဆိုတာရော မေးမိရဲ့လား?


လူ့အဖွဲ့အစည်းမှာ ကျွန်မတို့တွေဟာ ငယ်ငယ်ကတည်းက ရိုသေခြင်း၊ အနစ်နာခံခြင်းနဲ့ ကိုယ်ကျိုးစွန့်ခြင်းတွေကို အလေးထား ကြီးပြင်းလာကြရပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အဲဒီတန်ဖိုးတွေက ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်တစ်ခု ဖြစ်လာတတ်တာကို သတိပြုမိကြရဲ့လားရှင်။


မိသားစုထဲက သမီးလိမ္မာ/သားလိမ္မာ - မိဘစိတ်ချမ်းသာဖို့၊ အိမ်သားတွေကြား ပဋိပက္ခမဖြစ်ဖို့အတွက် ကိုယ်ဘာပဲလိုချင်လိုချင်၊ ဘယ်လောက်ပဲ မွန်းကြပ်မွန်းကြပ် ကိုယ့်ရဲ့ဆန္ဒတွေကို အမြဲတမ်း နောက်တန်းပို့ပြီး အလိုက်တသိ စုစည်းပေးရသူ။


လုပ်ငန်းခွင်က လူတော် - “သူမရှိရင် မဖြစ်ဘူး၊ အမြဲအားကိုးရတယ်” ဆိုတဲ့ အသိအမှတ်ပြုမှုကို ထိန်းထားချင်တာကြောင့် ညဘက်တွေအထိ အလုပ်လုပ်၊ အလုပ်တွေအကုန် ခေါင်းခံပြီး ဘယ်တော့မှ မငြင်းရဲဘဲ အမြဲတမ်း တာဝန်ယူပေးနေသူ။


ချစ်ရသူရဲ့အမြင်မှာ အကောင်းဆုံးလက်တွဲဖော် - အချစ်ရေး သို့မဟုတ် အိမ်ထောင်ရေးမှာ ပြဿနာမတက်စေဖို့၊ တစ်ဖက်လူ ချစ်ခင်နှစ်သတ်နေစေဖို့ ကိုယ့်ရဲ့ခံစားချက်တွေ၊ ဖြစ်တည်မှုတွေကို တိတ်တိတ်ဆိတ်ဆိတ် မျိုသိပ်ပြီး သူများအကြိုက် လိုက်လျောပေးနေသူ။


အဲ့ဒီလို ကြိုးစားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပျောက်ဆုံးသွားတာလဲ?


တခြားသူတွေရဲ့ မျှော်လင့်ချက်တွေ၊ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပုံသွင်းညှိနှိုင်းနေရတဲ့အခါ... “ငါ တကယ်ကော ဘာကို လိုချင်တာလဲ?”၊ “ငါ ဘာကို ခံစားနေရတာလဲ?” ဆိုတဲ့ ကိုယ်ပိုင်အသံတွေ ပျောက်ဆုံးသွားရပါတယ်။


သူတစ်ပါးကို ဂရုစိုက်ဖို့ ကြိုးစားရင်း ကိုယ့်အတွင်းစိတ်လေးကို ပစ်ပယ်ထားမိတဲ့အတွက် အောင်မြင်မှုတွေ ဘယ်လောက်ရရ ဘဝမှာ ရှင်သန်နေရသလို မခံစားရတော့ဘဲ စိတ်ကလေးက တဖြည်းဖြည်း မွန်းကြပ်လာတတ်ပါတယ်။


စိတ်ပိုင်းဆိုင်ရာမှာရော ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ?


အပြင်ပန်းက ကြည့်ရင် အရာရာကို အမြဲတမ်း ထိန်းချုပ်ထားနိုင်ပုံရပေမယ့်၊ အတွင်းစိတ်ထဲမှာတော့ စိတ်အခြေအနေတွေ ပြိုလဲမသွားအောင် အသက်ကို မနည်းအောင့်ထားရသလို ခံစားရတတ်ပါတယ်။


ဒါတွေဟာ ရေရှည်မှာ -


အိပ်စက်နားနေရုံနဲ့ မပျောက်ကင်းနိုင်တဲ့ ရှင်းပြရခက်တဲ့ “နက်ရှိုင်းတဲ့ ပင်ပန်းနွမ်းနယ်မှုကြီး” (Deep Exhaustion)


မရေရာတဲ့ မနက်ဖြန်တွေအတွက် ကြိုပြီး စိတ်ပူတတ်တဲ့ စိုးရိမ်သောက (Anxiety) နဲ့ စိတ်ကျဝေဒနာ (Depression)


သာမန် နေ့စဉ်အခိုက်အတန့်တွေမှာတင် အကြောင်းရင်းမရှိဘဲ ရင်တုန်ပြီး ထိတ်လန့်တုန်လှုပ်ခြင်း (Panic Attacks) တွေအဖြစ် ခန္ဓာကိုယ်နဲ့ စိတ်က အချက်ပြ အော်ဟစ်လာတတ်ပါတယ်။


ဒီထောင်ချောက်ထဲကနေ ဘယ်လို ရုန်းထွက်မလဲ?


ကုစားခြင်း (Healing) ဆိုတာ ကိုယ့်ရဲ့ မိသားစုတန်ဖိုးတွေ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာတွေကို ပစ်ပယ်ရတာ မဟုတ်ပါဘူး။ တခြားသူတွေကို အမြဲပေးလေ့ရှိတဲ့ ဂရုစိုက်မှုဝိုင်းဝန်းထဲမှာ “မိမိကိုယ်ကိုယ်ပါ ထည့်သွင်း” ဖို့နဲ့ မျှခြေ (Balance) တစ်ခု ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။


“ဟင့်အင်း / မလုပ်နိုင်ဘူး” လို့ ငြင်းဆိုတတ်ပါစေ - အပြစ်ရှိစိတ်မဝင်ဘဲ ကိုယ့်ရဲ့ Limit ကို သတ်မှတ်တတ်ပြီး ကိုယ်တကယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်လာတာဟာ ရဲရင့်တဲ့ စိတ်ခွန်အားတစ်ခုပါ။


တောင်းပန်စရာမလိုဘဲ အနားယူပါ - ဘဝရဲ့ အရှိန်ကို ခဏလျှော့ချ slow down လုပ်ပြီး ကိုယ့်ရဲ့လိုအပ်ချက်တွေဟာ တခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးဆိုတာကို ယုံကြည်ပေးပါ။


ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ - အရာရာကို ခေတ္တရပ်တန့်လိုက်ပြီး၊ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းကာ “အခု ငါ ဘာကို ခံစားနေရလဲ?” ဆိုတဲ့ ကိုယ့်စိတ်ထဲက အသံကို နားထောင်ပေးပါ။


သင်ဟာ တစ်စုံတစ်ယောက်ရဲ့ သား/သမီးကောင်း၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် လက်တွဲဖော် သက်သက်ပဲ မဟုတ်ပါဘူး။ သင်ဟာ သင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သင့်ရဲ့ ကိုယ်ပိုင်ဘဝထဲမှာ ကိုယ့်ရဲ့ နေရာအပြည့်အဝ ယူပိုင်ခွင့်ရှိပြီး သင့်ရဲ့ ဖြစ်တည်မှုအတိုင်းနဲ့တင် လုံလောက်ပြည့်စုံနေပါပြီ။


 
 
 

Comments


bottom of page