တွယ်ညိရာသာ ဆုံးရှုံးမှာ.....
- Honest Hour
- Jul 10
- 1 min read

🌿 လူတိုင်းကိုယ်စီမှာ သူတို့ တန်ဖိုးထားရာ၊ မြတ်နိုးရာ အရာတွေ ရှိကြပါတယ်။ တစ်ချို့ကလည်း ကိုယ်ပိုင်တဲ့ အိမ်တွေ၊ ကားတွေ စသဖြင့် ပစ္စည်း ဥစ္စာတွေပေါ့။ တစ်ချို့ကလည်း ကိုယ်လုပ်ရှိ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်လည်း ဖြစ်မယ်ပေါ့။ လူတစ်ချို့အတွက်ကလည်း တန်ဖိုးထား တွယ်တာရာဟာ သက်ရှိ၊ လူပုဂ္ဂိုလ်တွေလည်း ဖြစ်နိုင်တာပဲ။
ကိုယ့်ရဲ့ မိဘ၊ ကိုယ့်ရဲ့ လင်ယောက်ျား၊ မိန်းမ၊ ချစ်သူရည်းစား စသဖြင့် တွယ်တာ တန်ဖိုးထားတတ်ကြတယ်။ ဒီထက်ထပ်ချဲ့ပြီး ပြောရရင် ကိုယ့်ရဲ့ အိမ်မှာ မွေးထားတဲ့ ခွေးကလေး၊ ကြောင်ကလေးလို့ တိရစ္ဆာန်လေးတွေကအစ ချစ်ခင်တွယ်တာကြတဲ့လူတွေ ရှိပါတယ်။
🌿 ဒီလိုမျိုး ပုထုဇဉ် လူသားတိုင်းဟာ စွဲလမ်းရာ၊ တွယ်တာရာ၊ တန်ဖိုးထားရာ ကိုယ်စီတွေနဲ့ ဘဝမှာ ရှင်သန်နေထိုင်နေကြရတယ်။ အဲဒီအခါမှာလေ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာလေး၊ တန်ဖိုးထားရတဲ့အရာလေးများ ဆုံးရှုံးသွားရင် ဘယ်လို ခံစားရလဲ။ ပူလောင်ရတယ်။ ဝမ်းနည်းနာကျင်ရတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်ရတယ်။ ပိုင်ဆိုင်ထားတဲ့ အရာလေးကို မဆုံးရှုံးရသေးခင်တောင်မှ ဘယ်တော့များ ငါ့ဟာလေး ဆုံးရှုံးရမလဲ၊ သူများတွေ ယူသွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး မဆုံးရှုံးရခင်ကတည်းက ကြိုတင်တွေးပူပြီး ပူလောင်ရတယ် မဟုတ်လား။
💔 နောက်ဆုံးတော့လည်း ဘယ်အရာမြဲလဲ။ ဘယ်အရာမှ မမြဲပါဘူး။ အိမ်တွေ၊ တိုက်တာတွေလည်း မမြဲဘူး။ ရန်သူမျိုးငါးပါးဘေးက ပြေးမလွတ်ဘူး။ ချစ်ခင်ရပါတယ်ဆိုတဲ့ သက်ရှိတွေလည်း မမြဲကြပါဘူး။ ကျွန်မတို့ မိဘတွေလည်း တစ်ချိန် ခွဲခွါသွားကြမယ်။ လူ့လောကကနေ ကျွန်မတို့က အရင်ထွက်သွားလိုက်ရတာလည်း ဖြစ်နိုင်တာပဲ။ အိမ်ထောင်တွေ ကွဲကွာကြတယ်။ ချစ်သူရည်းစားတွေ လမ်းခွဲကြတယ်။ အိမ်မှာ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း သေဆုံးတဲ့အခါ ခွဲခွါကြရတယ်။
💔 ခွဲခွါမှုတိုင်း၊ ဆုံရှုံးမှုတိုင်းဟာ နာကျင်ရတာချည်းပါပဲ။ များများ တန်ဖိုးထားလေ ဆုံးရှုံးရတဲ့အခါ များများ အထိနာလေ။ များများတွယ်တာလေ ခွဲခွါရတဲ့အခါ များများနာကျင်ရလေပေါ့။ ဒါကြောင့်လည်း မြတ်စွာဘုရားက ဟောကြားခဲ့တာ "တွယ်ငြိရာသာ ဆုံးရှုံးမှာ"တဲ့။ သေချာတယ် ကျွန်မတို့ ဘယ်လောက် တွယ်တာတွယ်တာ၊ ဘယ်လောက် ချစ်ချစ် တစ်ချိန်မဟုတ် တစ်ချိန်မှာ ခွဲခွါကြရမဲ့ ထားခဲ့ကြရမဲ့ အရာတွေချည်းပါပဲ။
🌿 ဒါကြောင့် တွယ်တာမှုတွေကို လျော့ချနိုင်ဖို့ ကျွန်မတို့က ကြိုးစားကြမယ်။ အတ္တမရှိဘူးတော့ မဟုတ်ဘူး ရှိမယ်။ ဒါပေမဲ့ အတ္တပါးအောင် နေကြရမယ်။ လောဘမရှိိဘူးတော့ မဟုတ်ဘူး ရှိမယ်။ ဒါပေမဲ့ လောဘပါးအောင် နေကြရပါမယ်။ ချစ်ခင်သူတွေနဲ့ အတူရှိနေတုန်းမှာ အကောင်းဆုံး ချစ်ခင်ရမယ်၊ မျှော်လင့်ချက်မပါတဲ့ မေတ္တာတွေ ပေးကြရမယ်။
🌿 ထ်ို့နည်းတူပါပဲ နောင်တစ်ချိန် ဆုံးရှုံးရတဲ့အခါ သိပ်ပြီး မတုန်လှုပ်မိစေဖို့ စိတ်ကို အခုကတည်းက ကြိုတင်နှလုံးသွင်း လေ့ကျင့်ထားကြရမယ်။ ဒါမှသာလျှင် ကျွန်မတို့ဟာ ဆုံးရှုံးမှုတွေကို အလွယ်တကူ လက်ခံ အသိအမှတ်ပြုပြီး ပူလောင်သောကတွေကို လွှတ်ချနိုင်မှာ ဖြစ်ပါတယ်။
Comments