top of page
Search

Introvert Vs Social Anxiety

  • Writer: Honest Hour
    Honest Hour
  • Nov 5, 2024
  • 1 min read


တစ်ယောက်တည်း ကိုယ့်ဘာသာ အေးအေးဆေးဆေးလေး နေထိုင်ရတာကို နှစ်သက်တယ်၊ လူအများနဲ့ ဆက်ဆံရမယ့်အလုပ်တွေက သင့်ရဲ့ Energy ကိုယုတ်လျော့စေတယ် ဆိုရင် သေချာပါတယ်၊ သင်က Introvert တစ်ယောက်ပါပဲ။


Introvert လေးတွေက အမြဲတမ်းတော့ လူအများနဲ့ဆက်ဆံရမှာကို မကြိုက်နှစ်သက်တာမဟုတ်ပါဘူး။ တစ်ခါတလေမှာတော့ စိတ်တူကိုယ်တူ ရင်းနှီးတဲ့သူတွေနဲ့ အတူတူပြင်ထွက်ရ၊ စကားပြောရ၊ ပျော်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။


တစ်ခုရှိတာကတော့ လူမှုရေးအရ ဆက်ဆံရမယ့်အခြေအနေလေးတွေကို တွေးမိရုံနဲ့တင် အမြဲတမ်းရှောင်ဖယ်နေတတ်ချင်တယ်၊ ကြောက်ရွံ့နေတယ်၊ ဒီကြောက်ရွံ့မှုတွေကလည်း သူများတွေက ကိုယ့်ကို မကောင်းတဲ့အမြင်နဲ့ ဝေဖန်မှာ အကဲဖြတ်မှာကြောင့်ဆိုရင်တော့ ဒါက Social Anxiety ရှိတာမျိုးဖြစ်ပါတယ်။


Social Anxiety ဟာဆိုရင် Introvert တွေမှာတင်ရှိတာမဟုတ်ဘဲ Extrovert တွေမှာလည်း ရှိတတ်ကြပါတယ်။ Introversion နဲ့ Social Anxiety က တူမယောင်ယောင်နဲ့ ကွဲပြားတဲ့ အခြေအနေနှစ်ခုပါနော်။ ဒီတော့ ကိုယ်က Introvert တစ်ယောက်လား ဒါမှမဟုတ် ကိုယ့်မှာ Social Anxiety ရှိနေတာလားကို ခွဲခြားကြည့်လို့ရအောင်လို့ အောက်က အချက်လေးတွေကို ဖတ်ရှုလိုက်ရအောင်ပါ။


တိတ်တိတ်ဆိတ်ဆိတ်နေရတဲ့ ဘဝကို လိုချင်လို့ Introvert တွေက တစ်ယောက်တည်းနေရတာ ကြိုက်နှစ်သက်ကြပေမယ့် Social Anxiety ရှိတဲ့သူတွေကတော့ လူအများနဲ့ရင်းနှီးချင်၊ ဆက်ဆံရေးတည်ဆောက်ချင်ပေမယ့် ကိုယ့်ကိုသူများတွေ ငြင်းဆန်ကြမှာကို ကြောက်လန့်တတ်လို့ လူမှုဆက်ဆံရေးလုပ်ရမှာကို ရှောင်ဖယ်တတ်တဲ့ သဘောဖြစ်ပါတယ်။


Introvert လေးတွေက လူအများနဲ့ဆက်ဆံရတဲ့အခါ ကိုယ်တွင်းက အားအင်တွေကုန်ခန်းသွားသလို ကုန်ခန်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့လိုတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုဆိုရင် ဆူညံမှုတွေမရှိ လူသူနဲ့ကင်းဝေးရာမှာ တစ်ယောက်တည်း အချိန်ဖြုန်းတာက သူတို့အတွက် ခန္ဓာပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို ပြန်လည်ရရှိအောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့် Socially Anxious ဖြစ်တတ်တဲ့သူကတော့ လူအများနဲ့ပြောဆိုဆက်ဆံရမှာ၊ လူရှေ့ထွက်ရမှာနဲ့ အာရုံစိုက်ခံရတဲ့ အခြေအနေတွေကို ကြောက်ရွံ့တတ်ကြပါတယ်။ သူတို့အတွက်တော့ တစ်ယောက်တည်း တိတ်တဆိတ်နေတာက ခဏတာစိတ်အေးချမ်းမှုကိုပဲ ပေးစွမ်းနိုင်ပါတယ်တဲ့။


Introversion ဆိုတာ သင်ဘယ်သူဆိုတဲ့အကြောင်းကို ပြသပြီးတော့ မွေးကတည်းကပါလာတဲ့ သင့်ရဲ့ပင်ကိုယ်ဗီဇဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတစ်ခုမဟုတ်ပါဘူး။ သင်ဖြစ်ချင်နေချင်တဲ့ပုံစံအတိုင်း ရွေးချယ်နိုင်ပြီး သင်နေထိုင်တဲ့ဘဝပုံစံလေးတစ်ခုပါပဲ။ Social Anxiety ကတော့ သင်နေထိုင်တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး ဖြစ်ပေါ်လာတာပါ။ ဒီလိုဖြစ်ပေါ်ခြင်းက သင်လုပ်ချင်တဲ့အရာ၊ ဖြစ်ချင်မိတဲ့အရာတွေကို မလုပ်ရဲအောင်၊ မလုပ်မိအောင် တားဆီးနိုင်တဲ့ သဘောမှာရှိပါတယ်။


Introvert လေးတွေက တခြားသူတွေ သူတို့ကို ဘယ်လိုမြင်မယ်ဆိုတာကို ဂရုမစိုက်သလို ကြောက်လန့်တတ်တဲ့ သူများမဟုတ်ပါဘူး။ နေချင်တဲ့ဘဝပုံစံအတိုင်းနေပြီးတော့ သူတို့ကိုယ်ပိုင် သူငယ်ချင်းအုပ်စုလေးနဲ့ ပျော်မွေ့တတ်ကြသူတွေဖြစ်ပါတယ်။ သူတို့နဲ့ စိတ်သဘောထားချင်း ဝါသနာချင်းကိုက်ညီတဲ့ သူတွေနဲ့ စကားပြောဆက်ဆံရတာကို အလွန်ခုံမင်တဲ့သူတွေပါ။ Social Anxiety ရှိတဲ့သူတွေကတော့ လူမှုရေးပိုင်းဆိုင်ရာ ဆက်ဆံရေးတွေမှာ တခြားသူတွေရဲ့ အကဲဖြတ်ဝေဖန်မှုတွေကို ကြောက်လန့် ရှက်ရွံ့တတ်တာကြောင့်ပဲ သာမန်စကားဝိုင်းလေးကတောင်မှ သူတို့ကို ပျော်မွေ့စေဖို့ ခက်ခဲစေပါတယ်။


ကိုယ့်သဘောဆန္ဒာအတိုင်း အမှန်တိုင်းနေတတ်သူလေးတွေဖြစ်လို့ Introvert လေးတွေမှာဆိုရင် အပြစ်ဆိုဖွယ်မရှိ အကောင်းတကာ့ အကောင်းဆုံးမှ ဖြစ်ချင်တယ်ဆိုတဲ့ perfectionism attitude မရှိပါဘူး။ ဒါပေမယ့် Social Anxiety ရှိသူတွေကတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ကိုယ့်ဘာသာ အတွင်းစိတ်ကနေ မကောင်းတဲ့အမြင်အတွေးနဲ့ ကိုယ့်ကိုယ်ကို ဝေဖန်တတ်ကြပါတယ်။


အနှစ်ချုပ်အရတော့ Introvert တိုင်းက social anxiety မရှိသလို Social Anxiety ရှိသူတိုင်းကလည်း Introvert မဟုတ်ဘူး၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်သာ ဒီလို လူမှုရေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်စိတ်တွေ လွန်ကဲမှုဖြစ်လာတာပါနော်။ ဒီလိုဆို Introvert နဲ့ Social Anxiety ကြားက ကွာခြားချက်လေးတွေကို အားလုံးပဲ သိရှိသွားကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။

စိတ်ပိုင်းဆိုင်ရာနဲ့ပက်သက်လို့ အကူအညီရယူချင်တာပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ်ကုစားနိုင်တဲ့ နည်းလမ်းလေးတွေရှာဖွေချင်တာပဲဖြစ်ဖြစ် Honest Hour ကသင့်ရဲ့ဘေးနားမှာအမြဲရှိနေပါတယ်နော်…


 
 
 

Comments


bottom of page